"တပို့တွဲလ ထမင်းနဲပွဲ" ဆိုတာကို ကျွန်မတို့ မြန်မာတွေအားလုံးသိရှိထားကြပါတယ်။ မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီ ပွဲတော်တစ်ခုလို့ ပြောရင်လည်းမှန်ပါတယ်။ မြန်မာလူမျိုးတွေဟာ လစဉ်လတိုင်း ဆောင်ရွက်လေ့ရှိကြတဲ့ ပွဲတော်တွေကို ဘယ်အချိန် ဘယ်အခါမေးမေး မှတ်မှတ်သားသားရှိနေကြပါတယ်။ အသက်ငါးနှစ်ခြောက်နှစ်အရွယ်လောက်ကတည်းက ကြားဖူးခဲ့ကြပါတယ်။ ကြားဖူးရုံတင် ဘယ်ဟုတ်ပါ့မလဲ.. အဲဒီဓလေ့ကို ဘိုးဘွားတွေလက်ထက်ကတည်းက အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြလို့ ယနေ့တိုင်မှတ်မိနေတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ ထမင်းနဲပွဲတော်ကို ဂေါတမမြတ်စွာဘုရားရှင် လက်ထက်ကတည်းက ရှိခဲ့တာလို့ စာပေထဲမှာ ဖတ်မှတ်မိပါတယ်။
ထမင်းနဲပွဲရဲ့အဓိပ္ပါယ်မှာတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ထောက်ပံ့ကူညီဖေးမခြင်းဖြင့် စည်းလုံးမှုကို တိုးပွားစေခြင်း (promote unity and mutual support)၊ ခင်မင်မှုရစေခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေခြင်း(have friendship and cooperation each other) လို့ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။
ကျွန်မတို့ရုံးဝန်ထမ်း မိသားစုတွေလည်း တပို့တွဲလဆန်း ၁၃ ရက်နေ့ (၃.၂.၂၀၂၃) ၊ နေ့လည် ၃ နာရီမှ ၅ နာရီထိ စုပေါင်းထမင်းနဲထိုးခဲ့ကြပါတယ်။
ကောက်ညှင်း၊ မြေပဲ၊ ဂျင်း၊ နှမ်း၊ ဆီ၊ ဆားနဲ့ ရေတို့ အချိန်ကိုက် အချိုးကျ ရောနှောပေါင်းစပ် ထားမှုကို တစ်ယောက်တစ်လက် တစ်တပ်တစ်အား ညီညွတ်စွာပါဝင်ဖြည့်ဆည်းလိုက်တဲ့အခါ အရသာလည်းရှိ၊ အာဟာရလည်းပြည့်ဝ စည်းလုံညီညွတ်မှုကိုဖော်ပြတဲ့ စားစရာတစ်ခုကို ဖန်တီးလိုက်နိုင်ကြပါတယ်။
ထမင်းနဲထိုးပြီးတာနဲ့ ချက်ချင်းဆိုသလို အားလုံးပျော်ရွှင်စွာ ဝိုင်းဖွဲ့စားသောက်၊ ပိုတာကို မျှဝေ လှူဒါန်းခြင်းဟာလည်း ကုသိုလ်လည်းရ ဝမ်းလည်းဝစေပါတယ်။
ပျော်ရွှင်မှု၊ ခင်မင်မှု၊ လေးစားမှု၊ ညှာတာမှု၊ စည်းလုံးမှု၊ ဖေးမမှု၊ ကူညီမှု...စတဲ့ စတဲ့ ပီတိမျိုးစုံ ကို မြင်တွေ့ခဲ့ရသလို ကိုယ်တိုင်လည်း ရရှိခံစားကြရမယ်လို့ ယုံကြည်ပါတယ်။
နောင်နှစ်တွေမှာလည်း အစဉ်အလာမပျက် ဆက်လက်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်မိပါတယ်. 

